Tags
- အသစ် (1)
About Me
- စနိုးဝှိုက်
Followers
My Blog List
Powered by Blogger.
မွေးရပ်မြေ ရဲ့ အကြောင်း
5:13 AM |
Posted by
စနိုးဝှိုက် |
Edit Post
ကမ္ဘာအရပ်ရပ်က‘‘ရွှေ’’.....တံဆိပ် လော်စပီကာတွေ
ကူပါကယ်ပါ တကြော်တကြော် အော်နေရတဲ့
ကျတော့ရဲ့ မွေးရပ်မြေ အကြောင်းနဲ့
ခင်ဗျားတို့ နားထဲကို သံရည်ပူလောင်းပါရစေ။
ဆရာဝန်တွေက ဆေးရောင်း၊
အင်ဂျင်နီယာတွေက ဈေးရောင်း၊
တော်သူတွေ အကုန် ဘေးဂျောင်း၊
လူငယ်တွေ အကုန် အတွေးစောင်း၊
ခွင်ရှာနိုင်မှ သူဋ္ဌေးလောင်း ဖြစ်နိုင်မယ်။
အစိုးရကအစ သူခိုးဓါးပြတွေ ဆို..
ပေါင်းစားတက်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဖို့ go ကြပေသဗျို့ ။
ညာဥ့်ငှက်မလေးတယောက်က
ဖောက်သည်မျှော်၊
မိန်းမတန်ဖိုးကိုရောင်းစားဖို့ စောင့်နေမယ်နော်..တဲ့
ဈေးသည်မလေးတယောက်က ၀ယ်သူမျှော်၊
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်၊
ခေတ်ကြီးကိုယ်က လည်သူဆော်။
ရှေ့နောက်မစဉ်းစားမိတဲ့ မောင်နှံ၊
ရှိသမျှပစ္စည်းတွေကို ပေါင်နှံ၊
မွေးလာမယ့်ကလေးက အချောင်ခံ။
ဂျာနယ်တွေက အတင်းအဖျင်းရောင်းစား၊
လူပွဲစားတွေက အချင်းချင်းရောင်းစား၊
လူတချို့ကလမ်းမတွေပေါ်မှာတောင်းစား၊
ကလေးငယ်တစ်ယောက်မျက်နှာငယ်လေးနဲ့ကျောင်းသွား၊
ပါရာဒိုတစီးက ဗွတ်တွေစင်အောင်မောင်းသွား၊
ငါတို့ငိုသံတွေကို
အိမ်နီးချင်းနိုင်ငံတချို့က မကြားချင်ယောင်ဆောင်နေကြတယ်၊
ဖျာခင်းချင်သူတချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။
မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့...
ဦးတည်ချက်ဆယ့်နှစ်ရပ်နဲ့ တိုင်းပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံးကြီးကြီးတွေက ကော်ပီသံစဉ်တွေပါ၊
တပြည်လုံးလည်းနားညည်းနေပြီ အော်ဂလီဆန်ချင်စရာ။
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်းဒီနေရာ
ဒီနှစ်လည်းဒီနေရာ
ရပ်နေလည်းဒီလောက်
ပြေးသွားလည်းဒီလောက်မို့
ငါ့ခြေထောက်တွေကတောင် ငါ့ကိုပြောတယ်
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်
အရှုံးပေးလက်မြောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့.....
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့အိပ်မက်တွေလည်း ခေါက်ရိုးကြေ၊
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့သက်တမ်းတ၀က်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း လာပြန်ပြီ၊
ကျန်တဲ့သက်တမ်းတ၀က်ကို ဆက်လျှောက်လှမ်းဖို့တောင် အီလာပြီ။
‘‘ဆန်တပြည်ကို ၁၅၀၀ တောင်’’ အဲဒါ အဖွားညည်းတဲ့အသံ၊
‘‘မြန်မာပြည်ဟာ ဘယ်သူမှမနေချင်တော့တဲ့ အရပ်ဖြစ်သွားပြီ’’
အဲဒါ ခါးသီးတဲ့အမှန်။
ဒီကြားထဲ.....
နာဂစ်ကတချက်မွှေ့၊
ဧရာဝတီက လူတွေခမျာ အသက်စေ့၊
တချို့လူတွေကလည်း အကွက်ရွေှ့၊
အစိုးရ ကုလားထိုင်ကတော့ တချက်မရွေ့၊
မြန်မာပြည်ကြီးကတော့...
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓါးပြတွေဆို၊
ပေါင်းစားတက်မှ မိုးကျရွှေကိုယ်၊
တိုင်းပြည်တခုလုံး ပိုးကျနေလို့၊
သူများဆီမှာ ကျွန်ခံဖို့ go ကြပေသဗျို့........။

Labels:
အသစ်
|
0
comments
သိုးဖြုထဲက သိုးဖြု
4:29 AM |
Posted by
စနိုးဝှိုက် |
Edit Post
ကိုယ့်ခေါင်းကိုယ်ဖြတ်
လှောင်အိမ်ထဲမှာ ကိုယ်တိုင်သော့ခတ်ခဲ့သူ။
ငယ်ငယ်လေးကတည်းက
ကိုယ့်နှလုံးသား ကိုယ်ထုတ်
ကကြီးခကွေးစည်းချက်တွေအတိုင်း ခုတ်ဖို့။
ငါလား?
ကိုယ့်ကိုယ်ကို ရင်ခွင်မှာပိုက်ရင်း ပျောက်ဆုံး
မျက်နှာပေါ်မှာတော့ အသိုင်းအဝိုင်းကြိုက် မျက်နှာဖုံးနဲ့။
ငါလား?
ကိုယ့်ကိုယ်ကို မျက်ခြည်ပြတ်
ငါနဲ့ အဝေးဆုံးမှာ ရပ်နေတဲ့သူ။
ဒီလိုနဲ့
ငါ့ကို ငါက ပြောတယ်။
ဟေ့ကောင်
မင်းကိုယ်မင်း မှန်ထဲမှာပြန်ကြည့်
လူ့သမိုင်းတခုလုံး ပိနေတယ်။
ချစ်တယ်
4:27 AM |
Posted by
စနိုးဝှိုက် |
Edit Post
နင့်ကိုချစ်မိမှ
ငါနဲ့ငါ တော်တော် ဈေးကွာသွားတယ်။
ချစ်တယ်
ကမ္ဘာ့အတော်ဆုံး မျက်လှည့်ဆရာဟာ ငါပဲ။
ငါပြနေတဲ့ မျက်လှည့်ကို
ငါကိုယ်တိုင်တောင် အံ့သြရတယ်။
ချစ်တယ်
ဒီစကားလေးမပြောခင်မှာ
ငါတယောက်တည်း နှစ်ကိုယ်ခွဲ
သူများဦးသွားမှာ ကြောက်တဲ့ကောင်ရယ်
စိတ်ဆိုးသွားမှာ ကြောက်တဲ့ကောင်ရယ်
တကောင်နဲ့ တကောင်
ရန်စောင်လိုက်ကြသေးတယ်။
ချစ်တယ်
အချစ်မှာ
မိုးကြိုးက လျှပ်စီးထက် အရင်လာတယ်။
ငါ့ပန်းပွင့်စကား မိုးကြိုးသွားကို ကြားအပြီးမှာ
သူ့မျက်နှာမှာ ရှက်သွေးတွေစို
အနီရောင် လျှပ်စီးချိုချိုကို ငါငေးလိုက်ရတယ်။
ညီမလေးရယ်
ချစ်တယ်ဆိုတဲ့ စကားကြောင့်
နင့်မျက်နှာ ဘယ်မှာထားရမှန်းမသိရင်
ငါ…မျက်လုံးတွေကိုမှိတ်
အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
နင့်မျက်နှာလေး လာထားဖို့။
Saturday, October 9, 2010
8:06 AM |
Posted by
စနိုးဝှိုက် |
Edit Post
Saturday, September 11, 2010
နွေအလွမ်း
12:45 PM | Posted by တိုးတိုး | Edit Post
နွေရက်တွေအလယ်...
ဆုံဆည်းခဲ့တဲ့ ဇာတ်လမ်းအစမှာလေ...
ငှက်ငယ်လေးတွေလဲလေ... သံသာ သံချိုငြီးကာ...
ချစ်ခွန်းဖွဲ့ သီကြွေးလို့နေ...
ကိုယ်တို့နဲ့ ချစ်ခြင်းပြိုင်ကာလေ...။
အကြင်နာဟူသမျှ... အတူတူ မျှခံစားဝေ...
တယောက်လက် တယောက်တွဲကာ...
ပျော်မဆုံးခဲ့ပေ... အသက်နဲ့ ထပ်တူညီတူ...
ပမာယူကာ ချစ်ခဲ့ကြပေ...
ခုများတော့လဲ တပြည်တနယ်စီခြားလို့နေ...
မောင့်မှာ ဖြေမပြေ...နေရာဟောင်းလေးတွေ...
ပြန်တွေး(ရောက်)လေတိုင်း သတိရနေတယ်လေ...
သက်သေရွက်ကြွေတောမှာ အဖော်မပါ တကိုယ်ထည်းသာ...
ဥသြငှက်တွန်ကျူးလို့နေ...
ကိုယ့်အလွမ်းတို့ သူသိနေသလိုပေ....။

Labels: စာစု | 0 comments
နှလုံးသား ဒိုင်ယာရီ
12:25 PM | Posted by တိုးတိုး | Edit Post
မကြင်နာနိုင်လို့ တွေဝေလမ်းမှာ ထားရစ်ခဲ့ပြီ...
သူပေးသွားတဲ့ အမုန်းတွေ... သူပေးသွားတဲ့ အလွမ်းတွေ...
ထာဝရမဟုတ်တဲ့ အချစ်ကို.... မကြာခဏ သတိရမိတယ်...
အသိအမှတ်မပြုတဲ့ အချစ်တခုကိုကွယ်...
ဒိုင်ယာရီဟောင်းလေးထဲမှာ... ဘာကြောင့်များ ရေးမိတာလဲကွာ...။
ရင်မှာရှိတဲ့ အကြင်နာလေးတွေ မပြောဖြစ်ခဲ့တာ..
အတူသွားခဲ့တဲ့ ရက်တွေ... အတူသွားခဲ့တဲ့ နေရာလေးတွေ...
ပြန်သတိရလို့ လွမ်းနေ... ဂန္ထဝင်မမြောက်တော့တဲ့ အချစ်ကို
ပြောင်းလဲခဲ့တဲ့ နေ့ရက်တွေရယ်... ဒိုင်ယာရီဟောင်းလေးထဲမှာ...
ဘာကြောင့်များ ရေးမိတာလဲကွာ...။
သူရယ် ကိုယ်ရယ် ဟိုတချိန်တုန်းက ... သွားခဲ့တဲ့နေရာဟောင်းမှာ...
အဖော်ရယ်မပါ ကိုယ်တယောက်တည်း... သွားမိလို့ ရင်မှာမချိအောင် ...
မဖြေသာသူ ဝေဒနာအကြောင်းကို... မပြောင်းလဲတဲ့ နေရာဟောင်းမှာ...
ကံရယ်ခေ ဒီအဖြစ်ဆိုး ... ဘဝအဆက်ဆက် မကြုံလိုကြောင်းကို
ရေးနေကျ ဒိုင်ယာရီလေး... ဘာကြောင့် ကိုယ် ထုတ်ရေးမိတယ်...
ကိုယ်လဲလေ ဝေခွဲ မသိနိုင်ပါ...။

ပျော်ချင်တယ်...
11:57 AM | Posted by တိုးတိုး | Edit Post
ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး အကုန်ပြုံးပျော်နေတယ်။
ပျော်နေကြရင် ရင်မှာကြည်နူးတယ်။
ပန်းပွင့်လေးတွေဆိုရင် ပျားပိတုန်းများ ပတ်လည်ဝိုင်းလို့ရယ် ပျော်တယ်။
ညမွှေးပန်းလေးနဲ့အတူ ပိုးစုန်းကြူငယ်လေး ...
မေတ္တာရစ်ချည် နှောင်ကြိုးဖွဲ့သီ..ပျော်ရွှင်နေကြတယ်။
ပျော်နေကြတယ် ကိုယ့်အချစ်ရယ်...။
အစာရှာခွံ့ကျွေးလို့ ငှက်ကျေးလေးတွေ ပျော်နေတယ်။
ရေလွှာ ခုန်ကူးလို့ ရွှေငါးလေးတွေ ပျော်နေတယ်...။
ဇင်ယော်ငှက်ကလေးတွေ လေထဲဝဲကာ ပျံနေတယ်
တူစုံယှဉ်တွဲလို့ လည်ချင်းယှက်ခါ ပျော်နေတယ်...။
ကိုယ့်တယောက်ထဲ အဖော်မဲ့ကာ..
ဝေးရာစွန့်ပြေး ပြေးထွက်လို့ သွားလေသူရယ်...။
မင်းမျက်နှာ ခဏတာလေးလောက်ဖြစ်စေ...။
မင်းစကားသံ ကြားရုံလေးနဲ့ဖြစ်စေ..။
ကိုယ်တသက်လုံး ပျော်လိမ့်မယ်။
ကိုယ်တသက်လုံး ပျော်လိမ့်မယ် အချစ်ရယ်...။

Monday, July 12, 2010
ရှိုက်သံ
2:53 AM | Posted by တိုးတိုး | Edit Post
ပန်းပေးလဲ မလိုချင်ဘူး
လွမ်းတေးလဲ မဆိုချင်ဘူး
လမ်းခွဲပြေးလဲ မငြိုငြင်တော့ပါဘူးလေ။
ကံကြမ္မာ ရဟတ်က ဖန်လာချက်ကြောင့်
ပြန်ကာထပ်တွေ့ရင်လဲ တသက်မမေ့စရာ ဝေဒနာအလွမ်းကို
ကြေညာခန်းမထုတ်လေပဲ ငုတ်တုတ်နေတဲ့ ဘဝင်အသိမှာ
ရင်မချိစရာအဖြစ်ကို သခင်သိမှာပါလေ။
အကြင်နာအနမ်းကို မမြင်စရာ ပန်းအဖြစ်
ရင်နင့်နင့်နဲ့ သခင်ပစ်လိုက်ပါ့မယ်။
ဘဝတကွေ့မှာ ခဏတွေ့ကြပြီး
တဘဝမမေ့စရာ အပြုံးလေးတွေကို
နှလုံးသွေးနဲ့ရင်း အတင်းကြိတ်မှတ်ခံစားပြီး
အတိတ်ကအသံများကို စိတ်ကပြန်ကြားနေပေမဲ့
ခံစားမှုကင်းဆိတ် အတင်းပိတ်ထားတဲ့
နှလုံးသား တံခါးကို အပြုံးများနဲ့ ချေဖျက်လို့
သေမတတ်ခံစားရပါစေတော့လေ...။
နွေနှင်းမိုး

Labels: ကဗျာ | 0 comments
Tuesday, June 29, 2010
စာစုလေးများ
6:40 AM | Posted by တိုးတိုး | Edit Post
ပုံနှိပ်စာအုပ် လောကစာအုပ် စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်...။
သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင် ဘယ်လောက်သာယာ လိုက်မလဲလို့ ...။
ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ်ဆိုတဲ့ စကားကို
လွယ်လွယ် မသုံးမိအောင် သတိထားပါ ...။
ကြာပန်းက ရေကန်ကိုသာ အလှဆင်တယ်
မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ်
လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောကလုံးကို အလှဆင်တယ် ...
(သုဗောဓာလင်္ကာရကျမ်း)
သူ့ကြောင့် ၀မ်းသာခဲ့ ဖူးပြီ ...သူ့ကြောင့် ခံစားခဲ့ဖူးပြီ ...
ဝမ်းသာရတာ ခံစားရတာ ပင်ပန်းလှပါပြီ… ၀မ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ…
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ… ဘာမှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဉာဏ်တိုးပြီးး လူဖြစ်ကျိုးနပ်တယ်ဆိုလို့ တော်သေးတာပေါ့...။
ကြာလည်းမမေ့ …ရှာလည်းမတွေ့... ငါလည်းတစ်နေ့...။
စွန့်လွှတ်သူဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ
သူလွှတ်တဲ့ စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတတ်သူမျိုးပါ…။
သူ့နှလုံးသားရဲ့ စကားပြန်ကတော့ သူ့ အမူအရာပါပဲ ...။
မပြိုကွဲနိုင်တဲ့ အရာကို ဆောင့်မတိုးလိုက်နဲ့ သူမကွဲရင် ကိုယ်ကွဲမယ်…။
သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်...
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင် …
ဘယ်လောက် သာယာလိုက်မလဲလို့...။
အမှိုက်လှဲ ပြီးမှ ရှင်းတာထက်၊
မရှုပ်ဘဲ ရှင်းနေတာက ပိုကောင်းမယ်...။
အရွယ်ချင်း မတူရင်... နေရာချင်း မတူရင်...
အဖြစ်ချင်း မတူရင်...အသိချင်း မတူနိုင်ပါဘူး...
ဒါလေးတော့ နားလည်သင့်တာပေါ့...။
ငယ်တုန်းက ထမင်းကို ၀ါးပြီး ခွံ့ခဲ့တာ ကောင်းပေမယ့်
ကြီးလာတဲ့အခါ အန်ဖတ်တွေ ထင်တတ်တယ်...။
ကျေနပ်စရာကြောင့်ဖြစ်စေ .. မကျေနပ်စရာကြောင့်ဖြစ်စေ ..
လောကဓံကြောင့် တုန်လှုပ်နေသူ မှန်သမျှ လောကကို အရှုံးပေးနေရသူချည်းပါပဲ...။
(ဆရာတော်တစ်ပါး)
အယောင်ဆောင် ပညာရှိက
အပြစ်ကိုသာ ရှာပြီး ထောက်ပြတတ်တယ်၊
ပညာရှိအစစ်က
အမှန်ကို ချီးကျူးပြီး အမှားကို ပြုပြင်ပေးတယ်..။
အဋ္ဌကထာ(သီဟိုဠ်)
ပုထုဇဉ်ဆိုတာ အပြစ်နဲ့ မကင်းဘူးဆိုပေမယ့်
ဆရာသမားက ကိုယ့်တပည့်ပါလို့ မပြောချင်လောက်အောင်
မိဘက တို့သားသမီးပါ လို့ မပြောချင်လောက်အောင် အထိတော့ မဖြစ်စေသင့်ဘူး...။
ဘာမှ မစွမ်းနိုင်ဘူးဆိုရင်တောင် ကိုယ့်ခြေရာ လက်ရာ တစ်ခုခုတော့
နောင်လာနောက်သား သတိရလောက်အောင် ချန်ထားရစ်ခဲ့ရမယ် …။
ည၀ါအကျော်(တောင်မြို့)
ကိုယ့်ကို စောင့်ရှောက်တာ ကိုယ့်မှာရှိတဲ့ တရားပဲ..
ကိုယ့်ကို ဖျက်ဆီးတာ ကိုယ့်မှာရှိတဲ့ မတရားပဲ...။
ကိုယ်က မှန်အောင်နေပြီး သူများ မှားနေရင်လည်း နားလည်နိုင်ရမယ်...။
စုပြီး ဆုံပြီး ရှင်းလင်းကြတာက
စုဆုံပြီး ငြင်းကြတာထက် အကျိုးကောင်းတွေ များပါတယ်...။
သဘာဝတရားကြီးဟာ
ချစ်စရာလို့ပဲ ထင်ထင်...မုန်းစရာလို့ပဲ ထင်ထင်...
သူ့သဘော သူဆောင်တာ မှန်ပေမယ့်
သတ္တ၀ါတွေက ချစ်ခင်စရာတွေကိုတော့ မခွဲချင်ကြဘူး...
မုန်းစရာကျတော့ မတွေ့ဆုံချင်ဘူးဆိုတဲ့ .. လိုအင်ဆန္ဒတွေ ဖြစ်နေကြတယ်...။
လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့်
အသက်ရှင်ရတာဟာ ဘာလုပ်ဖို့လဲဆိုတာ အထိတော့ ဆက်ပြီး မစဉ်းစားတတ်ကြဘူး...။
(ဆရာတော်တစ်ပါး (ပုသိမ်)
မသင့်တော်တဲ့ နေရာကို ရောက်ခဲ့ရင်တောင်မှ သင့်တော်တဲ့ အကျင့်တွေ မဖျောက်ပစ်ပါနဲ့...။
ပညာဆိုတာ ကောင်းပါတယ်။
ပညာရှိချင်တာလား? ပညာပြချင်တာလား? နည်းနည်းတော့ သတိထားပါအုံး...
ကောင်းတာတွေကို ကြိုးစားလုပ်ရင်းနဲ့
လုပ်သမျှတွေဟာ .. အကောင်းချည်း ဖြစ်လာရင် အကောင်းဆုံးပေါ့…။
အသိပေးဆုံးမ ပေးမည့်သူကို ရှာသင့်ပေမယ့်…
ကိုယ်စကားနားထောင်မည့် သူကိုပဲ ရှာနေကြတယ်…။
သောကမီးတွေ ညီးညီးပြောင်ပြောင် အမြဲတောက်လောင်နေပါလျှက်
ဘာကြောင့် ပျော်ရွှင် ၀မ်းမြောက်နေကြသလဲ..
အမှောင်ထုကြီး ကာဆီးပိတ်ဖုံးထားပါလျှက် ဘာကြောင့် လင်းရာကို မရှာမှီးကြသလဲ…။
(ဓမ္မပဒ-၁၄၆)
ရင်ခွင်ပိုက် ကလေးများက မိခင်ရဲ့ မေတ္တာကို စိန်ခေါ်တယ်…
သက်ကြီးရွယ်အိုတို့က သားသမီး မြေးများနဲ့ လူငယ်တို့ရဲ့ ကျေးဇူးသိတတ်မှုနဲ့ မေတ္တာတရားကို စိန်ခေါ်တယ်…
လောကဓံတရားက အရွယ်ရောက်သူတိုင်းကို စိန်ခေါ်တယ်...
ကံတရားက တုန့်ပြန်မှု အားလုံးကို စနစ်တကျ မှတ်တမ်းတင်လိမ့်မယ်…။
ကျေးဇူးဆိုတာ သိတတ်သူအတွက် အကျိုး အကန့်အသတ်မရှိ ခံစားနိုင်သလို…
ကျေးဇူးကန်းသူအတွက် အကန့်အသတ်မရှိ ပေးဆပ်ရတတ်တာမျိုး...။
အမြဲတမ်း သူ့ကိစ္စနဲ့သူ ရှုပ်နေတာပါလို့ နားလည်ရင်…
ကိုယ့်အရှုပ် ထပ်မပေးလိုက်ပါနဲ့…။
ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ၊ ကိုယ်နဲ့ သိပ်မဆိုင်ရင် ပြဿနာက သေးတယ်၊
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ လုံးဝ မဆိုင်တော့ရင်တော့ ပြဿနာမရှိတော့ပါဘူး။
ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး
လုပ်ငန်း မစရသေးတာပဲရှိတယ်။
ရေအိုးစင်က ရေသောက်ရတဲ့အခါ သစ်ပင်ရိပ်မှာ နားခိုရတဲ့အခါ
ကျေးဇူးရှင်ဟာ ရေအိုးလား? ရေဖြည့်ပေးသူလား? အခက်အရွက်လား? ပင်စည်လား?
မိုက်တယ်ဆိုတာ ကိုယ်ပဲ ခံရတာ၊ လိမ္မာတယ်ဆိုတာ ကိုယ်ပဲ စံရတာ၊
မယုံခဲ့ရင်တောင် မိုက်မကြည့်နဲ့ လိမ္မာပါ။
အဆင်ပြေတာ မပြေတာထက် နေသာဖို့က အရေးကြီးပါတယ်။ နေတတ်ရင် နေသာပါတယ်။
ကုသိုလ်ကံမှာ လိုရာကိုပေး စိတ်လည်းအေး၍ သူကတစ်ဖန် ကိုယ့်ကိုပြန် တာဝန်ယူပေးမှာ။
လူကိုယုံလို့ ပုံအပ်ခဲ့ပြီးပြီ ၊ ရွှေကိုယုံလို့ စီးပွားရှာခဲ့ပြီးပြီ၊ ရတနာသုံးပါးကို ယုံကြည်လို့ ပုံအပ်ပြီးပြီလား..?
"ဒုက္ခ" ဆိုတဲ့ ကောင်က သူရောက်လာရင် အနည်းဆုံးတော့ ညည်းညူနေမှ ကျေနပ်တာလေ..
ဖြစ်နိုင်ရင် ငိုကြီးချက်မနဲ့ လူးလှိမ့်နေတာကို သူက မြင်ချင်တာကိုး...
ကိုယ်က သူ့အလိုနဲ့  ဆန့်ကျင်ပြီး ဣနြေ္ဒမပျက် နေပြလိုက်တော့ သူအတော် ဖြုံသွားပုံရတယ်..
ခုဆို ကိုယ့်ဆီ သူ တယ်လာချင်ပုံ မရတော့ဘူး။
(ပရဟိတ ဆရာတော်ကြီး)
လေကြောင့် ပျံသန်းနိုင်တဲ့ ငှက်ဟာ လေရှိမှန်း မသိကြသလို...
ရေကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာ ရေရှိမှန်း မသိကြသလို...
ဓမ္မ အဓမ္မကြောင့် ကောင်းကောင်း ဆိုးဆိုး ဖြစ်နေတဲ့ သတ္တ၀ါတွေဟာလည်း
ဓမ္မ အဓမ္မကို ရှိမှန်း မသိကြပါဘူး...။
ပေးနိုင်သူထံက တောင်း၊ လက်ခံမယ့် သူကို ပေး၊ ဒါမှ အဆင်ပြေမယ်..။
ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့ လူ၊ မကောင်းတာကို လုပ်ဖို့လွယ်တယ်ဆိုရင် ...
လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်…။
လူတိုင်းမှာ အစွမ်းကိုယ်စီ ရှိကြပါတယ်၊ ကိုယ်စွမ်းရာက မစကြဘဲ
သူများပါးစပ်နဲ့ လမ်းဆုံးနေကြလို့သာ အစွမ်းမပြနိုင်ကြတာပါ…။
ကိုယ်ပြုသမျှ ကံများသည်ပင်
ကိုယ်ရှေ့ဆက်ရမည့် ခရီးအတွက် ခရီးသွားလက်မှတ်များ ဖြစ်ပါတယ်။
တခြားပစ္စည်းတွေကို ရောင်းလိုက်ရင် အရှုံးမဟုတ်ရင် အမြတ်ရသေးတယ် ၊
စိတ်ချမ်းသာမှုကို ရောင်းစားရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်၊
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ ရောင်းမစားပါနဲ့…။
စေတနာသည် လူတိုင်းနဲ့ မတန်သည် မဟုတ်…
လူတိုင်းနဲ့ တန်တဲ့ စေတနာမျိုး ထားနိုင်ဖို့သာ လိုအပ်ပါတယ်...။
စိတ်ဆိုးနေတဲ့ အခါ ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ…၊
ရှုပ်နေရင် ရှင်းတဲ့စိတ် ၊ ပူနေရင် အေးတဲ့စိတ်၊ နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်းလဲ လိုက်ပါ...။
လေးစားထိုက်သူရဲ့ စကားကိုမှ နားထောင်ကြတာ။
ကိုယ့်စကား နားထောင်စေချင်ရင် လေးစားထိုက်အောင်နေပေါ့...။
ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့ ဖစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ…၊
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်...။
ဘေးကိုကြည့်လွန်း အားကြီးရင် ဘေးတွေ့တတ်တယ်။ ။
ကိုယ်က ကြိုက်လို့ကောင်းတာထက်…ကောင်းတာမိုလို့ ကြိုက်တယ်ဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့...။
လူမှုရေးဆိုတဲ့ ကြိုးနဲ့ လူ့ဘောင်ကို ၀ိုင်းခတ်ထားတယ်။ လူကိုမမှုရင် လူ့ဘောင်ရဲ့ဘေးရောက်မယ်.။
လူကိုမှုနေရင်လည်း ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး...။
သူတစ်ဖက်သား၊ မျက်မာန်ပွားသော်၊ တရားမကွာ၊ ထိန်းစောင့်ကာဖြင့်၊
မေတ္တာနှလုံး၊ ကိုယ်ကသုံးလျှင်၊ အရှုံးဘယ်မှာ ရှိချိမ့်နည်း။
(မင်းကွန်းဆရာတော်)
အမြင့်ရောက်မှ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းတယ်…။
မေတ္တာပို့နေရုံနဲ့ မဖြစ်သေးဘူး ၊ မေတ္တာဓာတ်တွေ ရှိနေဖို့က အရင်လိုအပ်တယ်…။
မုန်းလောက်အောင် ကြိုးစားလိုက်စမ်းပါ၊
ပျင်းတဲ့သူတွေက မုန်းချင်သလောက် မုန်းစမ်းပါစေ…။
ရက်ရက်စက်စက် ရိုးသားလိုက်စမ်းပါ…။
ဒီရက်စက်မှုမျိုးကို သူတော်ကောင်းတွေက မြတ်နိုးပါတယ်…။
မင်းမရှိလည်း ဖြစ်တယ်၊ သူမရှိလည်း ဖြစ်တယ်၊ ငါမရှိလည်း ဖြစ်တယ်၊ ဘာမျှ မရှိလည်းဖြစ်တယ်။
မိုက်မဲတယ်ဆိုတာ မိုက်လွန်လွန်း အားကြီးလို့ ကြုံတာလေး တစ်ခုတည်းကို မဲနေတာ...။
ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး၊
လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး၊
သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး။
ကိုယ်ကျင့်တရား ဖြူစင်ရင် အသိတရား မြင့်မြတ်လာသလို…။
စစ်မှန်တဲ့ အသိတရားရရှိသူဟာလည်း ကိုယ်ကျင့်တရား ဘယ်တော့မှ မပျက်စီးဘူး..။
"မမှားသော ရှေ့နေ၊ မသေသော ဆေးသမား" တဲ့
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင် ရောဂါကျွမ်းတတ်တယ်။ မမှားတာ အကောင်းဆုံးပဲ....
ကိုယ့်စကားကို သူ နားထောင်စေချင်ရင်
သူ့စကားကို အရင် သေသေချာချာ နားထောင်ပေးလိုက်ပါဦး…။
မြင်တဲ့အတိုင်း အမှန်ဖြစ်မှ.. အမှန်အတိုင်း မြင်တယ် ခေါ်တယ်။
မြင်တဲ့အတိုင်း မှန် , မမှန် ကြားတဲ့အတိုင်း မှန် , မမှန် ဆန်းစစ်ရမယ်။
အထွတ်အထိပ်ကို ရောက်သွားသူတိုင်း အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။
(ဓမ္မဒူတ၊ဓမ္မဘေရီ၊တိပိဋကဆရာတော်များ၏ စကားများ)
တိုးတိုး

5:02 AM | Posted by တိုးတိုး | Edit Post
* "ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။"
* "ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားက လည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။"
*"သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင် သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀ က သင့်ကို အလေးပြုတယ်။"
*" အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။"
*" လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။"
*" ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင် တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။"
*" သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။"
* "အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင် သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။"
*" ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။"
*" အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှု ခံစား ရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။"
*" ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရ နိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။"
*" အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေ ပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ် လိုက်ပါလိမ့်မယ်။"
*" မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။"

Thursday, June 17, 2010
“ရုန်းရင်းကန်ရင်း“
6:58 AM | Posted by တိုးတိုး | Edit Post
လေထန်တိုင်းသာ ပွင့်ကြွေပါမူ၊
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တ၀က် လင်းတ၀က်သည်၊
တရက်တခါ ကြုံမြဲသာတည့်။
ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊ အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊ ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပေ၊
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
ရုန်းရကန်ရ မည်တကား။ ။
(ငွေတာရီ)
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တ၀က် လင်းတ၀က်သည်၊
တရက်တခါ ကြုံမြဲသာတည့်။
ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊ အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊ ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပေ၊
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
ရုန်းရကန်ရ မည်တကား။ ။
(ငွေတာရီ)
Labels: ကဗျာ | 0 comments
Subscribe to: Posts (Atom)
Subscribe to:
Posts (Atom)